နှစ်ဟောင်းလွန်မြောက်၍
နှစ်သစ်သို့အရောက်တွင် ပန်းပိတောက်တို့လည်း အစီအရီပွင့်ကြပြီ ဖြစ်ပါသည်။ အဟောင်းအဟောင်းတို့၏နေရာတွင်
အသစ်အသစ်တို့ အစားထိုးဝင်ရောက် ရခြင်း သည် လောက ဓမ္မတာပင် ဖြစ်ပါသည်။
လွန်ခဲ့သော (၂၅)နှစ်လောက်က တိမ်မြုပ်နေခဲ့သော
စီမံကိန်းတစ်ခုမှာ နိုင်ငံတော် အစိုးရက အခြေခံပညာနှင့် အဆင့်မြင့်ပညာသင် ကျောင်းများမှ
ပညာရည်နှင့် ဘက်စုံထူးချွန်မှုကို ချီးမြှောက်ခဲ့သော လူရည်ချွန်စီမံကိန်း
ဖြစ်ပါသည်။
မည်သည့်စနစ်၊ မည်သည့် ခေတ်တွင်ဖြစ်စေ
ပစ္စက္ခအချိန်တွင်ရှိသော ကျောင်းဝန်းကျင် တစ်ခုတွင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ ဗလလေးတန်နှင့်
ပြည့်စုံထူးချွန်ကြောင်း၊ ရွေးချယ်မှုဟူသည် သာမန်ထက် ပိုသော အဆင့်တစ်ခု
ရှိသည့်သူများ ဖြစ်ကြောင်း မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ပေ။ ခေတ်စနစ် အပြောင်းတွင်
လူထုအုံကြွမှု ကြောင့်ပင် ၎င်းစီမံကိန်း တိမ်မြုပ်သွားခဲ့ရခြင်း ဖြစ်သည်။
ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၃ နွေရာသီတွင်
ပြန်လည် ပေါ်ထွန်း လာသော စီမံကိန်းကား "ဘက်စုံပညာ ထူးချွန်ကျောင်းသား"
ဟူသော အသွင်သစ်ဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကျွန်ုပ်တို့က ဝမ်းမြောက်မှု
အတိုင်းမသိ ပီတိအဟုန် လွှမ်းခြုံ၍ ကြိုဆိုရမည်ဖြစ်ပါသည်။
မြန်မာ့မြေတွင် ၂၅နှစ်တာကာလ
ဆက်တိုက် ၁၉၆၄-၈၈ နိုင်ငံတော် အစိုးရ ပညာရေးဝန်ကြီးအဆင့်မှ ရွေးချယ် ခဲ့သော
လူရည်ချွန် စီမံကိန်းတွင် တစ်နှစ်လျှင် ကျောင်းသား ၃၀ဝ ကျော်ခန့်ဖြင့် ၇
တန်းမှသည် တက္ကသိုလ် ပေါင်းစုံ၏ နောက်ဆုံးနှစ်များအထိပါဝင်ပြီး
သချင်္ာလူရည်ချွန် အပါအဝင် စုစုပေါင်း လူရည်ချွန်ဦးရေ ၅၁၅၃ အထိ ရေတွက်နိုင်ခဲ့ပါသည်။
ထိုအရေ အတွက် မည်သို့သော အတိုင်းအတာအထိ ပြည်သူ့အကျိုး ထမ်းဆောင် ခဲ့ကြောင်း
လူရည်ချွန်မှတ်တမ်း အတွဲ(၁)ကို ထုတ်ပြန်နိုင်သည့် ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၅ ရက်က
လူရည်ချွန် ဟောင်းများ၏ ရွှေရတု အကြိုတွေ့ဆုံပွဲရလဒ်မှ သိရှိခဲ့ရပါသည်။
ထိုမှတ်တမ်းတွင် ဆက်သွယ်ရရှိသော
လူရည် ချွန်ပေါင်း ၇၃၈ ဦး၏ အလုပ်အကိုင်၊ စွမ်းဆောင်မှုများ၊ အခြားအောင်မြင်မှု
များကို လေ့လာရာတွင် အခြေခံမှသည် နိုင်ငံတော် အဆင့်အထိ ပေါက်မြောက်ခဲ့ သည်ကို
တွေ့ရမည် ဖြစ်ပါသည်။
ထိုမှတ်တမ်း အတွဲ(၁)ဖြစ်မြောက်ရေးအတွက်
ခြောက်လနီးပါး တစိုက် မတ်မတ် မပြတ်သော လုံ့လဖြင့် အားသွန်ခွန်စိုက်
ကြိုးပမ်းခဲ့ကြသော လူရည် ချွန် (၁၉၆၄-၈၈) အဖွဲ့ ယာယီအလုပ် အမှုဆောင်ကော်မတီ၊ အခြေခံပညာဦးစီး
ဌာန(၁)၊ ဦးထွန်းအောင် ပညာတန်ဆောင် စာကြည့်တိုက်၊ ပြည်တွင်းပြည်ပမှ လုပ်အားဒါန ပေးသူများ၊
အင်တာနက်မှ ဆွေးနွေး အကြံပြုသူများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုရမည်ဖြစ်ပါသည်။
မှတ်တမ်းအတွဲ(၂)ကိုလည်း ဆက်လက်ပေါ်ထွက် လာနိုင်မည်ဟု မျှော်လင့်ထားမိပါသည်။
နိုင်ငံပိုင် လူသားရင်းမြစ်
တစ်ခုကို ရှာဖွေတူး ဖော်ကြည့်ကာ မြန်မာ့ သမိုင်းထဲတွင် ပုံထင်ကြည့်နိုင်မည်လားဟု
ကြိုးစားဖြစ်ပါသည်။ လူရည်ချွန်များ ပြန်လည် စုစည်းခြင်းကို စာနယ်ဇင်း
သတင်းမီဒီယာများက အားပေးကြသည့် အတွက် ကြောင့်လည်း အချိန်တိုအတွင်း လျင်မြန်သော
အရှိန်ဖြင့် အချင်းချင်း ဆက်သွယ် နိုင်ခဲ့ပါသည်။ စာတိုက်မှ ပေးပို့ရန် ရုံးဌာနလိပ်စာကို
ဦးမောင်မောင်လွင်၊ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌမှ ခွင့်ပြုခဲ့သည်။ အားလုံးက
မိမိနိုင်သည်၊ စွမ်းသည်များဖြင့် ပံ့ပိုးပေးခဲ့ကြရာ ရန်ပုံငွေများစွာ မတောင့်တင်း
သော်လည်း အလုပ်ရလဒ်များ ဖြစ်ထွန်း ခဲ့ပါသည်။ E-mail ကို ဦးကျော်ငြိမ်းအေးက
တာဝန်ယူခဲ့၏။ EMG ဦးသန်းထွဋ်အောင်၏ ကူညီပံ့ပိုး ပေးမှုများက
ကျောရိုး သဖွယ်ရှိခဲ့သည်။
လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသော
တစ်ချိန်က ထူးချွန် ကျောင်းသားများသည် ၂၀၁၄ ခုနှစ်တွင် တွေ့ဆုံ စုစည်းပြီး
နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြု အဖွဲ့အစည်း တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်
လူရည်ချွန် (၁၉၆၄ ၈၈)အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါအဖွဲ့တွင် အတတ် ပညာရှင်၊
အသိပညာရှင်များအဖြစ် နိုင်ငံတာဝန်ထမ်းဆောင်နေဆဲ ပုဂ္ဂုလ်များ အပါအဝင် Multi-disciplinary Group အဖွဲ့ဝင်ဦးရေ ၉၀၅ ဦး ပါဝင်စုစည်း နိုင်ခဲ့ပါသည်။
လူရည်ချွန် အများစုကို ဝန်ထမ်းကောင်းတွေ
ဖြစ်သည်ဟု စောစောပိုင်း မျိုးဆက်မှ မှတ်ချက်ပြုကြပါသည်။ နောက်ပိုင်းတွင် အပြောင်းအလဲ
များကြောင့် ရွှေမြန်မာတို့ ကမ္ဘာအနှံ့ ခရီးဆန့်ခဲ့ရာ ရေကြည်ရာ မြက်နု ရာ ရောက်ရှိနေ
သည်များလည်း ရှိနေကြောင်း သတိထား မိပါသည်။ ထိုသူတို့ထံမှ အတွေ့ အကြုံပညာများကို
နိုင်ငံအကျိုးပြု လုပ်ငန်းများအတွက် နိုင်သမျှ ကွန်ရက် ချိတ်ဆက်ကာ ဆောင်ရွက်နိုင်မည်လားဟု
အဖွဲ့မှ ရည်မှန်း မျှော်လင့်ထားကြပါသည်။
ယခင်က လူရည်ချွန်မောင်/မယ်များသည်
ယခုအခါ အသက်အရွယ် အားဖြင့် အငယ်ဆုံး(၄၀)နှင့် အကြီးဆုံး (၇၀)အထိ ပါဝင်ပါသည်။ အသက်
(၆၀)ကျော်၍ အငြိမ်းစားယူပြီးသော်လည်း ကျန်းမာရေးကောင်းသေးသူ များမှာ ပုဂ္ဂလိက
ကုမ္ပဏီများ၊ လုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းတွင် လုပ်နေကြ ဆဲဖြစ်ကြောင်း တွေ့ရပါသည်။
ဘက်စုံပညာထူးချွန် ကျောင်းသား စီမံကိန်းအသစ်၏ ရည်ရွယ်ချက်များကိုလည်း အခြေခံပညာဦးစီးဌာန
တာဝန်ရှိသူများထံမှ အောက်ပါအတိုင်း သိရှိရပါသည်-
ရည်ရွယ်ချက်
---------------
၁။ ဉာဏ်ပညာထူးချွန်ပြီး
ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်း လာစေရန်။
၂။ ပညာရေးလက်တွေ့
ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြု
လုပ်ငန်းများကို ဆောင်ရွက် နိုင်စေရန်။
၃။ မှန်ကန်သော
အကျိုးပြုယှဉ်ပြိုင်မှုဖြင့် ဘက်စုံပညာ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်
ဒေသန္တရ ဗဟုသုတများ ရရှိလာစေရန်။
၄။ အများနှင့် စုပေါင်း နေထိုင်တတ်သော
အလေ့အကျင့်ကောင်းများ ဖြစ်ထွန်း လာစေရန်နှင့် ဒေသန္တရ ဗဟုသုတများ ရရှိလာစေရန်။
၅။ ကျောင်းသား ကျောင်းသူများ၏
စံပြနမူနာလူငယ်များ ပေါ်ထွန်းလာ စေရန်။ မည်သို့ ဆိုစေ သာမန်ကျောင်းသား များထက်
ကျောင်းစာ၊ ဗဟုသုတ၊ ကိုယ်လက်ကြံ့ခိုင်ရေး၊ လူမှုရေး အသင်း အဖွဲ့လုပ်ငန်းများ စသည့်ကဏ္ဍစုံတွင်
သာလွန်အောင် ကြိုးစားခဲ့သူများသည် ထူးချွန် (Out standing)
ဖြစ်သည်ဟု ဆိုရပါမည်။
ချီးမြှင့်မှု
---------
ဤစီမံကိန်းမှ ကျောင်းသား ကျောင်းသူများကို
ငွေသားအားဖြင့် ချီးမြှင့်ခြင်း မဟုတ်ဘဲ နိုင်ငံတော်စရိတ်ဖြင့် (ငွေဆောင်/ပုဂံ/အင်းလေး)
အပန်းဖြေ ခရီးစဉ် တစ်ခုအား တစ်ပတ်ခန့် စုစည်းခေါ်ယူပြီး ဟောပြောပွဲများ၊
သင်တန်းငယ်များ၊ လေ့လာရေးခရီးများ၊ ဖျော်ဖြေရေး အစီအစဉ် များတွေ့ဆုံ ဆွေးနွေးပွဲများဖြင့်
စုပေါင်းနေထိုင်ခြင်း အလေ့ အထကို ဖြစ်စေပါသည်။
ရွေးချယ်မှု
-----------
ယခင်လူရည်ချွန်စီမံကိန်းတွင် ရွေးချယ်မှုမှာ
အကြမ်းအားဖြင့် အခြေခံ ပညာ ၇ တန်းမှ ၁ဝတန်း အထိ အခြေခံ ပညာကျောင်း (အသက်မွေး
ဝမ်းကျောင်း သင်တန်း ကျောင်းများ အပါအဝင်) များမှ မြန်မာတစ်နိုင်ငံလုံးရှိ
ခရိုင်/တိုင်း ဒေသကြီးတွင် တစ်ခရိုင်လျှင် တစ်ဦးကိုသာ ရွေးသည်။ ကျောင်းအဆင့်၊
မြို့နယ် အဆင့်၊ ခရိုင်အဆင့် စာမေးပွဲ၊ နှုတ်ဖြေ၊ ကြံ့ခိုင်ရေး လက်တွေ့ဖြေဆိုရပါသည်။
ထို့အပြင် အသက်မွေးဝမ်းကျောင်း အ.ထ.က သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်တို့မှ
နှစ်တစ်နှစ်၏ ဘာသာရပ် တစ်ခုတွင် တစ်ဦးစီ ရွေးချယ်ခဲ့ပါသည်။
သချင်္ာလူရည်ချွန်များအား ရွေးချယ်ရာတွင်
ခရိုင်အဆင့် အထိမကဘဲ တစ်ပြည်လုံးအဆင့် ယှဉ်ပြိုင်စေ၍ တစ်ပြည်လုံး၌ ၁ဝ ဦးသာ ရွေးချယ်ခဲ့သည်။
သုံးနှစ် ဆက်တိုက် သုံးထပ်ကွမ်းဆုရရှိလျှင် တက္ကသိုလ် ပညာသင် ဆုအဖြစ်
ပထမဘွဲ့ပြီးသည် အထိ လစဉ်ချီးမြှင့် ငွေရရှိပါသည်။ သိပ္ပံရည်ချွန်များဟူ၍ အခြေခံ
သိပ္ပံဘာသာရပ်များ (ဓာတုဗေဒ၊ ရူပဗေဒ၊ သချင်္ာ)တွင် ဂုဏ်ထူးရရှိ သူများကို
မိမိဆန္ဒအရ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တွင် ဆိုင်ရာသိပ္ပံ ဘာသာရပ်အထူးပြု ဖြင့်
မဟာသိပ္ပံဘွဲ့ (M.Sc)
ရသည်အထိ လစဉ် ထောက်ပံ့ကြေးဆု ချီးမြှင့်ပါသည်။
ယခုဘက်စုံပညာ ထူးချွန်ကျောင်းသား
စီမံကိန်းတွင်
၁။ ၈၊ ၉၊ ၁ဝ အတန်းများမှသာ ရွေးချယ်သည်။
၂။ ကျောင်း၊ မြို့နယ်၊
ခရိုင်အဆင့် (၃)ဆင့်ရှိပါသည်။ ဖြေဆိုရသည့် ဘာသာရပ်များမှာ မြန်မာစာ၊ အဂင်္လိပ်စာ၊
အထွေထွေဗဟုသုတ၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် လူတွေ့နှုတ်ဖြေဖြစ်သည်။
၃။ ခရိုင်အဆင့်တွင်
(က) ၅မြို့နယ်နှင့် အောက် နှစ်ဦးစီ (ကျား ၁၊ မ ၁)
(
ခ ) ၁၂ မြို့နယ်နှင့် အောက် လေးဦးစီ
(
ဂ) ၁၃ မြို့နယ်နှင့် အထက် ခြောက်ဦးစီရွေးချယ်သည်။
ရွေးချယ်မှုတွင်
ယခင်စီမံကိန်းနှင့် ကွာခြားမှုမှာ ယခင်က ကျား/မ စုပေါင်းပြီး ကျား/မ မဟူရွေးချယ်
ခဲ့သော်လည်း ယခုအခါ (Sex
Discrimination) မရှိစေရန် ကျား/မတန်းတူ အခွင့်အရေး ပေးထားသည်ကို
တွေ့ရပါသည်။
ရွေးချယ်မှုဦးရေ
------------------
ယခင်စီမံကိန်းတွင် တစ်ပြည်လုံး (အခြေခံပညာ + အဆင့်မြင့်) ပျမ်းမျှ
၃၀ဝ ဦးရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စုစုပေါင်း ၅၁ဝ ဦး (၈တန်း ၁၇ဝ + ၉ တန်း ၁၇ဝ +
၁ဝ တန်း ၁၇၀)၊ ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း (၅၂၅) ဦး (၈တန်း ၁၇၆ + ၉ တန်း ၁၇၅ +
၁ဝတန်း ၁၇၄)အထိ တိုးတက် ရွေးချယ်ထားသည်ဟု သိရသည်။
ယခုနှစ် အပန်းဖြေစခန်း
သုံးခုရှိပြီး ၈တန်း (ပုဂံ)၊ ၉တန်း (အင်းလေး)၊ ၁ဝ တန်း (ငွေဆောင်) တို့
ဖြစ်ကြသည်။ ယခုလာမည့် ဧပြီလ စတုတ္ထပတ်တွင် စခန်းဝင်ကြမည် ဖြစ်ကြောင်း သိရသည်။
ဘက်စုံ ထူးချွန် လူငယ်ပေါင်းစုံ စုပေါင်းတွေ့ဆုံပွဲကို နေပြည်တော်တွင်
ကျင်းပမည်ဟု သိရသည်။
၁၉၆၄ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း
လူရည်ချွန်နှင့် သချင်္ာလူရည်ချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသားများ၏ ရွှေရတုအကြိုတွေ့ဆုံပွဲကို
၂၀၁၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) ယခင်
လိပ်ခုံး နေရာ၌ ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံပွဲ၏ ညပိုင်းအစီအစဉ်သို့ လူရည်ချွန်ကျောင်းသား
တစ်ဦး ဖြစ်ခဲ့ဖူးသူ ဒုတိယသမ္မတ(၁) ဒေါက်တာ စိုင်းမောက်ခမ်းလည်း တက်ရောက်ခဲ့သည်။
ဒုတိယသမ္မတ(၁)က တွေ့ဆုံပွဲ လုပ်ရင်း ပြီးသွားခြင်းမျိုး မဟုတ်ဘဲ အနာဂတ်
တိုင်းပြည်ကို ဖွံ့ဖြိုးအောင်၊ နိုင်ငံတကာ အဆင့် မီအောင်၊ အေးချမ်းသော
နည်းလမ်းမျိုးဖြင့် ကူညီကြ စေလိုကြောင်း အမှတ်တရစကား ပြောကြားပေးခဲ့သည်။
လူရည်ချွန်များကို ပြန်လည်စုစည်းရသည့်
ရည်ရွယ်ချက်၌လည်း အဖွဲ့တစ်ရပ်ဖွဲ့စည်းလျက် နိုင်ငံနှင့် လူမျိုးအတွက် အကျိုးပြုသော
ပညာရှင် အင်အားစုအဖြစ် ရပ်တည် ရန်ဟူ၍ ပါရှိသည်။
လူရည်ချွန်
(၁၉၆၄-၈၈)အဖွဲ့၏လှုပ်ရှားမှုများကို မီဒီယာများမှ တစ်ဆင့် လေ့လာကြည့်ရာတွင်-
၁။ လမ်းပေါ်ရောက်ကလေးသူငယ်များ(Street Children) ၃၀ဝ
ကျော်အား တစ်နေ့တာတွေ့ဆုံ၍ ကျောင်းနေရန်
ပညာပေးခြင်း၊ သွားကျန်းမာရေး စစ်ဆေးခြင်း၊
အစားအသောက်နှင့် လက်ဆောင် ပေးခြင်းတို့ကို လှိုင်သာယာမြို့နယ်တွင် ပြုလုပ်ပေးခြင်း။
၂။ လူရည်ချွန်စကားဝိုင်း (Luyechun Talk) အဖြစ်
လူရည်ချွန် ပညာရှင်နှစ်ဦးက ပင်လယ်ရေညစ်ညမ်းမှု (Marine Pollution) အန္တရာယ်ကို ဆွေးနွေးခြင်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ပြီးကြောင်း
တွေ့ရှိရပါသည်။
၎င်းအပြင် ဘက်စုံထူးချွန် ကျောင်းသားငယ်များနှင့်လည်း
လူရည်ချွန် (၁၉၆၄-၁၉၈၈)အဖွဲ့ မှ ကိုယ်စားလှယ် များက သက်ဆိုင်ရာ စခန်းအသီးသီးသို့
သွားရောက်တွေ့ဆုံ၍ "သက်ကြီးစကား သက်ငယ်ကြား" ဟူသော ပညာရေး ဝန်ကြီး၏
လမ်းညွှန်မှုအရ အတွေ့အကြုံ အမှာစကားများ ဟောကြ၊ ပြောကြ ဦးမည်ဟု သိရပါသည်။
ထိုထက်ပို၍ ပီတိစကားကြားသိရသည်မှာ လာမည့် အပတ်တွင် ဖွင့်လှစ်မည့် ဘက်စုံပညာ
ထူးချွန်ကျောင်းသား အပန်းဖြေစခန်း သုံးခု စလုံးတွင် တစ်ချိန်က ကိုယ်တိုင်
လူရည်ချွန် ကျောင်းသားဘဝကို ဖြတ်သန်း ခဲ့သည့် ယခုအချိန် ပြည်ထောင်စု အဆင့်
ပုဂ္ဂိုလ်များကိုယ်တိုင် စခန်းဖွင့်ပွဲ ကျင်းပပေးကြမည်ဟု ဆိုပါသည်။
မိမိကိုယ်တိုင် သုံးကိုယ်ခွဲ၍ ဆင်နွှဲလိုက် ချင်စမ်းပါဘိ။ ။
(မျိုးဆက်သစ်လူငယ်လေးများ၏ (၂၀၁၄) ခုနှစ်ဘက်စုံထူးချွန် ကျောင်းသား
စီမံကိန်းအား ဂုဏ်ပြု ကြိုဆိုလျက်)
http://www.moi.gov.mm/moi:zg/?q=node/1974
တွင်ပါဝင်သော အကြောင်းအရာများကို ဖော်ပြထားခြင်း ဖြစ်ပါသည်။